မကွေး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအတွင်းရှိ ခရိုင် /မြို့နယ် ဦးစီးရုံးများ၏ (၄)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်း ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များအား ခရိုင်/မြို့နယ်များအလိုက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်နိုင်မှု အနေဖြင့် (၆၃.၂၆)ရာခိုင်နှုန်းအထိ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်အဆင့် စီမံချက်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်သည့်အတွက် ခရိုင်/မြို့နယ်ဦးစီးမှူးများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ အလေးထားဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မိမိတို့ရုံးဝန်ထမ်းများ အရည်အသွေး တိုးတက် ကောင်းမွန်ပြီး လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ဦးစီးမှူးများမှ မိမိတို့ခရိုင်/မြို့နယ်အလိုက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)