မြိတ်မြို့တွင် ကျောင်းသား/သူများအား လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား ပညာပေး လက်ကမ်း စာစောင် ဖြန့်ဝေပေး

မြိတ်   ဒီဇင်ဘာ  ၃၀

(၇၄)နှစ်တိုင်ခဲ့ပြီဖြစ်သည့် လွတ်လပ်ရေးနေ့ကို ကျောင်းသား/သူ လူငယ်မောင်မယ်များ လေးစားမြတ်နိုး တန်ဖိုးထားတတ် စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သည့် လွတ်လပ်ရေး နေ့အထိမ်းအမှတ် သတင်းစကား ပညာပေး လက်ကမ်းစာစောင်ကို ကျောင်းသား/သူများနှင့် ဆရာ/မများအား ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်ရုံးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား ပညာပေးလက်ကမ်းစာစောင်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်၊ အမျိုးသားညီညွှတ်ရေး (ဗိုလ်ချုပ်အောင်ဆန်း၏ (၂၀-၁-၁၉၄၆) ခုနှစ်အလယ်ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းကောက်နုတ်ချက်)၊ မြန်မာ့လွတ်လပ်ရေး ကာလတလျောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးကို ကာကွယ်ရမည် (၄-၁-၁၉၄၈ ပထမဆုံးသောလွတ်လပ်ရေးနေ့တွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ် ချက်)၊ ပြည်သူတွေရဲ့အင်အားသည်သာအဓိက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်)၊ တို့များ ဆင်မြန်းလွတ်လပ်ပန်း (ကဗျာ)၊ ပညာပေးကာတွန်းနှင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မျိုးချစ်အားနှင့် ကာကွယ်ပါ ဖော်ပြပါရှိသော လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြသည်။

မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၇၄) နှစ်တိုင်ရှိခဲ့ပြီဖြစ်ရာ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ ရယူခဲ့ရသည့် လွတ်လပ်ရေးကို နောင်လာနောက်သား မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုး ထားတတ်ဖို့ အထူးလိုအပ်ပေသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)