ရေကြည် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခုနှစ် မိုးစပါး ရာသီတွင် ရာသီစပါး (ပေါ်ဆန်းဘေးကြား) စပါးမျိုးအား စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မျိုးသန့်မျိုးစေ့ထုတ်ရန် စိုက်ပျိုးထားသည့် နွားရေတိုက်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ တောင်သူဦးအောင်မျိုးဝင်း စိုက်ပျိုးထားသည့် ကွင်းအမှတ် (၈၃၁) ရာသီစပါး (ပေါ်ဆန်းဘေးကြား) စိုက်ခင်း (၅.၀၀)ဧကကို စရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါ်ဆန်းဘေးကြားစံကွက် ရိတ်သိမ်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က ပေါ်ဆန်းဘေးကြား စပါးမျိုးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ ပေါ်ဆန်းဘေးကြားစိုက်ပျိုးထုတ်လုပ်မှု၊ စံကွက် ရိတ်သိမ်းမှုနှင့် ပတ်သက်၍ တောင်သူတစ်ဦးမှ တစ်ဧကလျှင် စပါးအထွက်နှုန်း ပိုမိုမြင့်မားအောင် ဆောင်ရွက်ရမည့် နည်းလမ်းကောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ စုပေါင်း၍ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အစိုထွက်နှုန်း (၁၁၄.၀၃) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်အတွင်း ရာသီစပါး ပေါ်ဆန်းဘေးကြား စိုက်ပျိုးသည့်ဧကမှာ ကွင်းပေါင်း (၁၂)ကွင်းမှ (၂၆၃၈)ဧက စိုက်ပျိုးထားရှိကြောင်း သတင်းရရှိပါသည်။
အောင်သူဟန်