ဇီးကုန်းမြို့နယ် ယင်းမာပင်ကျေးရွာ မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး

ဇီးကုန်း ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးလက်လမ်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရွှေ့ကြို့ပင်ကျေးရွာအုပ်စု ယင်းမာပင်ကျေးရွာ၌ ခင်းကျင်းပြီးစီးသော မြေနီကျောက်စရစ်လမ်းအား ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများက ဒီဇင်ဘာ ၃၀ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းသည် အရှည် ၂၉၅၀ ပေ၊ အကျယ် ၈ ပေ၊ ထု ၉ လက်မနှင့် (၆-၁၂၂၀၂၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့် နည်းပညာ များ ပံ့ပိုးကူညီခဲ့ပြီး၊ ကျေးရွာနေပြည်သူများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေး ကုန်စည်သယ်ယူပို့ဆောင်ရေးတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ (ပြန်ဆက်)