နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စားဖိုဆောင်သီးနှံ ကြက်သွန်နီများ GAP နည်း စနစ်ဖြင့်စိုက်ပျိုး

 

နတ်မောက်  ဒီဇင်ဘာ   ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာနှင့် တမာပင်ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  စားဖိုဆောင်သီးနှံကြက်သွန်နီ GAP နည်းစနစ် ဖြင့်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြသစိုက်ပျိုးခဲ့သည်။                   

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်သီးဟင်းရွက် စားဖိုဆောင်သီးနှံအစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြစ်သားရွှေနီထိပ်မ ကြက်သွန်နီမျိုးစေ့အား GAP စနစ်ဖြင့် EMဘိုကာရှီ မြေဆွေးအသုံးပြုစိုက်ပျိုးခြင်း၊ IPMစနစ်သီးနှံ ရောဂါပိုးမွှား ကာကွယ် နှိမ်နင်းခြင်း နည်းစနစ်များဖြင့် ကြက်သွန်နီစံပြကွက်ကို တောင်သူပညာပေး လက်တွေ့စိုက်ပျိုးပြသခဲ့ သည်။

 ထိုသို့ စိုက်ပျိုးခြင်းဖြင့် ဆောင်းရာသီတွင်အာဟာရပြည့်ဝပြီး လွယ်လင့်တကူ စိုက်ပျိုး စားသောက်နိုင်ရန်၊ GAP နည်းစနစ်ဖြင့် တောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပါက မိသားစုအပိုဝင်ငွေ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးတောင်သူများ လက်တွေ့သိရှိနိုင်စေရန် ယခုလိုတောင်သူအသိပညာပေး စိုက်ပျိုးရခြင်း ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ချို ထံမှသိရသည်။

 သင်းသင်းမြတ်