မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်မှ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မခံရစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရန်၊ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာသင်ကြားနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန်၊ ပြည်သူများ နေအိမ်ပြင်ပ သွားလာရာတွင်    နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အသိပညာပေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာသည့် တာဝန်ရှိသူများက   ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိရေး ကြိုတင် ကာကွယ်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည် များအား ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)