သံလွင်​မြစ်ရေ မြင့်တက်၍ ရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍ ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဖားဆောင်း သြဂုတ် ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းနှင့် ဆက်လက် စီမံဆောင်ရွက်ရမည့် အခြေအနေများအတွက် ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ရေဘေးသင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘောလခဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍ အလိုက် လက်ရှိအခြေအနေအပေါ် ကူညီဆောင်ရွက်ပေးနိုင်မှု၊ ကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊ ရေဘေးသင့်အိမ်ထောင်စုဝင်များကို ထောက်ပံ့ကူညီပေးနိုင်မှု၊ ဆက်လက်စီစဉ် ဆောင်ရွက်ရမည့် အခြေအနေ၊ ပျက်စီးဆုံးရှုံးသွားသည့် သီးနှံစိုက်ခင်းများအတွက် ပံပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်တို့ကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ သက်ဆိုင်ရာ ရေဘေးသင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရေဘေးသင့်သည့် နေရာများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)