ဇီးကုန်း ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ပြည်သူများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို အမှတ်(၄)ရပ်ကွက် မြို့လယ် သံဓမ္မာရုံ၌ ယနေ့ နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇီးကုန်းမြို့နယ်တွင် ဦးတည် အုပ်စု(၂၄) အုပ်စုသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅)ရပ်ကွက် (၅)ခု၊ ဘုရားကြီးကုန်းကျေးရွာအုပ်စုနှင့် ရွှေကြို့ပင်ကျေးရွာအုပ်စုတို့မှ ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူ(၂၄၀၀)ဦးအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာလေးခုခွဲ၍ ကျန်းမာရေးဝန်ထမ်း များက ထိုးနှံပေးလျက်ရှိပြီး၊ ကျန်ရှိနေသော ပြည်သူများကို နောက်ရက်များတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်သည်။ ဇီးကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူအပါအဝင် ပြည်သူစုစုပေါင်း (၂၆၃၅၆)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်အဝ ထိုးနှံပြီးစီးပြီဖြစ် ကြောင်းနှင့် ယနေ့တွင် ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူ(၂၄၀၀)ဦးအား ဒုတိယအကြိမ် ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံ မှ သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)