ပွင့်ဖြူ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ အမေထွား (ပဲဆီသန့်) မိသားစုက ငွေအကုန်အကျခံ၍ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ဒေသခံ ကျေးလက်နေ ပြည်သူများ စုပေါင်းပြီး ဒီဇင်ဘာ ၂၆ ရက် နေ့က စတင်၍ ယာယီဝါးတံတား ဆောက်လုပ်လျက်ရှိရာ ယခုအခါ အဆိုပါ တံတားဆောက်လုပ်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင် ထံမှ သိရသည်။
အဆိုပါ မုန်းချောင်းအား ကျေးရွာနေပြည်သူများ ပွင့်လင်းရာသီရောက်ရှိလာသည့်အချိန်တွင် ကျေးလက်နှင့်မြို့ပြ လွယ်လင့်တကူ ကူးလူးဖြတ်သန်သွားလာနိုင်ရန်အတွက် ပွင့်ဖြူမြို့၊ အမေထွား(ပဲဆီသန့်) မိသားစုကနှစ်စဉ် ကုန်ကျစရိတ် လှူဒါန်းပေးကာ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့် မုန်းချောင်းအနောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများက စုပေါင်း၍ ယာယီဝါးတံတား ဆောက်လုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မုန်းချောင်းရေ ရစ်ခွေစီးဆင်းနေတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ မုန်းချောင်းအနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူတွေ သွားလာရေး အခက်အခဲမဖြစ်စေရေးအတွက် ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ အများစုပေါင်းပြီး မုန်းချောင်းကို ယာယီဝါးတံတား ဆောက်လုပ်ကြပြီးတော့ ကူးလူးဖြတ်သန်း သွားလာကြတာ ဖြစ်ပါတယ်။ ခုလို ယာယီဝါးတံတား ဆောက်လုပ် နိုင်ရန်အတွက် ကုန်ကျ စရိတ်ကိုတော့ ကျွန်တော်တို့မြို့က အမေထွား(ပဲဆီသန့်) မိသားစုက လှူဒါန်းပေးတာဖြစ်ပြီး တံတားဆောက်လုပ်မှု အပိုင်းကိုတော့ မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ပြည်သူများနဲ့ မုန်းအနောက်ဘက်ခြမ်းရှိ ကျေးရွာတွေဖြစ်တဲ့ သမန်းရင်းကျေးရွာ၊ မုန်းဇလဲ ကျေးရွာနဲ့ ညောင်ပင်စောက်ကျေးရွာက ဒေသခံပြည်သူတွေ စုပေါင်းပြီး ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။ တံတားရဲ့ အရှည်ကတော့ ပေ ၁၀၀၀ ကျော်လောက် ရှိပါတယ်။ ခုဆိုရင် ယာယီဝါးတံတား ဆောက်လုပ်မှုဟာ ပြီးစီးသွားပြီဖြစ်လို့ ဒေသခံကျေးလက်နေပြည်သူတွေ ကျေးလက်နှင့်မြို့ပြ အချိန်တိုအတွင်း လွယ်လင့်တကူ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါတယ်။ နှစ်စဉ် တံတားဆောက်လုပ်နိုင်အောင် ကုန်ကျစရိတ် လှူဒါန်းပေးတဲ့ အမေထွား (ပဲဆီသန့်) မိသားစုကိုလည်း ဒေသခံပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံပြည်သူ ဦးကျော်ဆန်း က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)