မင်းဘူး(စကု)မြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းလုပ်ကိုင်ခြင်းမှ တိုးချဲ့လုပ်ကိုင်လာ

 

မင်းဘူး  ဒီဇင်ဘာ  ၃၀

 မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှမ်းစုရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် မုန့်အမျိုးမျိုး ပြုလုပ်ရောင်းချခြင်းမှ  အဆင်ပြေလျက်ရှိပြီး လုပ်ငန်းများ တိုးချဲ့၍လုပ်ကိုင် လျက်ရှိကြောင်း မုန့်လုပ်ငန်းရှင် မိသားစုများထံမှ သိရသည်။

 ထိုသို့ ပြုလုပ်ရောင်းချရာတွင် ပဲကိတ်၊ လမုန့်၊ ဆီကြော်မုန့်၊ ပေါင်မုန့်အမျိုးမျိုးနှင့် ကိတ်မုန့်အမျိုးမျိုး ပြုလုပ်ပြီးလိုအပ်သော ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ထောပတ်၊ ကြက်ဥ၊ ပဲယို၊ ရေ၊ ဆားအနည်းငယ်နှင့် ပွဆေးအနည်းငယ် ထည့်၍ပြုလုပ်ရကြောင်း သိရသည်။

 " ကျွန်တော်တို့ မုန့်ပြုလုပ်ရောင်းချတာ ၁၅ နှစ် ရှိပြီဖြစ်ပါတယ်။ အလုပ်သမား ၇ ဦးရှိကာ မိသားစု မုန့်လုပ်ငန်းလေးဖြစ်ပြီး မုန့် ၆/၇မျိုး လောက်ပြုလုပ်၍ ပဲကိတ်နှင့် လမုန့်များကိုသာ အဓိကထားပြုလုပ် ရောင်းချပါတယ်။ ပေါင်မုန့်ရှည်ကြီး များကိုတော့မှာသူ Order ရှိမှသာ ပြုလုပ်ကာမုန့်များကို မင်းဘူးမြို့မှ ဈေးဆိုင်များကိုသာ အဓိကထားပို့ပေးရပြီး စကု၊ လယ်ကိုင်း၊ ပွင့်ဖြူ၊ လေးပင်စသော အနီးအနားရှိ မြို့များကိုလည်း ပို့ပေးရတဲ့အတွက် မိသားစုတစ်နိုင်တစ်ပိုင်မုန့် လုပ်ငန်းလေးနဲ့ အဆင်ပြေနေတဲ့အတွက် တိုးချဲ့၍ လုပ်ကိုင်လျက် ရှိပါတယ် '' ဟု မင်းဘူးမြို့ ရှမ်းစုရပ်ကွက်မှ မုန့်အမျိုးမျိုးပြုလုပ် ရောင်းချသူကိုသိန်းဇော်ကပြောသည်။

ဇေယျာထက် (မင်းဘူး)