မင်းဘူး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက လတ်တလောကိုဗစ်-၁၉ အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးမှု၊ ထိုးနှံပြီးစီးမှုအခြေအနေများ၊ ခရိုင်နှင့်မြို့နယ်များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများကို စနစ် တကျ သိမ်းစည်းသိုလ်လှောင်ပြီး ကိုင်တွယ်အသုံးပြုဆောင်ရွက်ရန် အမှာစကားပြောကြားသည်။ ထို့နောက် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ငန်း တာဝန်များ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မင်းဘူးမြို့ရှိ ဌာနဆိုင်ရာရုံးများအားလုံး လုံခြုံရေးအတွက် CCTV များ တပ်ဆင်ထားနိုင်ရေးနှင့် တပ်ဆင်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)