မြဝတီ ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အဖြစ် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ပြိုင်ပွဲများတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများက ထုပ်ဆီးထိုး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များကို ၂၀၂၂ခု နှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပမည့် မြစန္ဒီပန်းခြံတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်သည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ဦ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့် ဌာနသက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)