ကော့ကရိတ်မြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေး

ကော့ကရိတ်   ဒီဇင်ဘာ        ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၆)နှစ်နှင့် (၁၈)နှစ်အကြား၊ အသက် (၁၈)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသည့် ကျောင်းသား/သူများအား  နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အထက(၂) ကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ ဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၈)ဦးတို့ အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ အလက(ဝင်းကြီး)၊ အလက(ကော့ဂိုး)နှင့် အထက(ခွဲ)(နဘူးတံခွန်တိုင်) ကျောင်းတို့ရှိ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၁၁)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ (၁)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးတွင်လည်း ပန်းခင်းစီမံချက်ဖြင့် သွားလာရခက်ခဲသည့် ကျေးရွာအုပ်စုများမှ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် စတင်ပြုလုပ်သူ (၁၆) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)