ကော့ကရိတ် ဒီဇင်ဘာ ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် မြန်မာ၊ ပိုးကရင် နှစ်ဘာသာတို့ဖြင့် ယနေ့ နံနက် (၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်အဖြစ် ရက်ပိုင်း အတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီဖြစ်သည့် အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက် တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ် အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင် ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)