ပဲခူး ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီ၊ ပဲခူးခရိုင်၊ ပဲခူးမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်မွန်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး)က "လွတ်လပ်ရေ းကို ထိန်းသိမ်းကာကွယ်ပါ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ တိုးပွားစေရန်အတွက် လွတ်လပ်ရေးရရှိခဲ့ပုံ သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် စာအုပ်(၄၀)အုပ်အား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)