ဟားခါး ဒီဇင်ဘာ ၃၀
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကျန်းမာရေးဝန်ကြီးဌာနမှ (၂၈-၁၂-၂၀၂၁) ရက်နေ့တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များတွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာများမှ ပိုမိုအရှိန်မြှင့်၍ ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ပိုး တွေ့ရှိမှုများပြားနေသည့် ဟားခါးမြို့နယ်၊ ချွန်ကျုံး ကျေးရွာ အတွက် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းနှင့် ဆေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင်လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်၊ ဇိုးခွါကျေးရွာနှင့် ချွန်ကျုံးကျေးရွာ များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း၊ ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်မှု အခြေအနေနှင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းနှင့် ဆေးပစ္စည်းများဝယ်ယူရန် ရန်ပုံငွေထပ်မံလျာထားရေး၊ တစ်ဖက်နိုင်ငံနှင့် ထိပ်စပ် နေသည့် နယ်စပ်ဒေသ ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ရောဂါပိုးတွေ့ရှိသည့် ဟားခါးမြို့နယ် ချွန်ကျုံး ကျေးရွာနှင့် ဇိုးခွါကျေးရွာများတွင် လိုအပ်သည့် ဆေးဝါးများထောက်ပံ့နိုင်ရေး၊ ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများအား တိုင်းရင်းသား ဘာသာစကားဖြင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေ နိုင်ရေး၊ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါရှာဖွေမှုကို ပိုမိုဆောင်ရွက် နိုင်ရေးကိစ္စများကို အကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်