ပခုက္ကူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show)ပွဲ အစီအစဉ် ရိုက်ကူး တင်ဆက်

ပခုက္ကူ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး (Talk Show)ပွဲ အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

အသိပညာပေး (Talk Show)ပွဲ အစီအစဉ်တွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမျိုးအသမီးများအပေါ် အကြမ်းဖက်မှုဖြစ်ပွားရခြင်း အကြောင်း၊ ထိုသို့ဖြစ်ပွား လာပါက အရေးယူ ဆောင်ရွက်နိုင်သည့် ဥပဒေများအကြောင်းနှင့် အမျိုးသမီးများ အခွင့်အရေး အကြောင်းတို့ကို မေးမြန်းရာ ပခုက္ကူခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စီစီလျာက “လူမှုရေးအရ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် မသန်စွမ်းမှုပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအကြောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း၊ အကြမ်းဖက် ခံရပါက ဦးစီးဌာနရုံးသို့ လာရောက် တိုင်ကြားနိုင်ကြောင်းနှင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက်   ဝန်ဆောင်မှုပေးနေသည့် အကြောင်းများ”တို့ကို လည်းကောင်း၊  ပခုက္ကူမြို့၊ ဖြူနီညိုပြာ လူမှုရေးအဖွဲ့တာဝန်ခံ ဒေါ်မေမြတ်မျိုးနွယ်က “ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ၊ ကျေးလက်နေ ပြည်သူများထံ သွားရောက်ကွင်းဆင်းပြီး အမျိုးသမီးများ၏ အခွင့်အရေးအကြောင်း အသိပညာပေး လှုပ်ရှားမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်ရှိကြောင်း တိုင်ကြားလာပါက သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံ အကူအညီဆောင်ရွက်ပေးမှုများအကြောင်း၊ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များအကြောင်း”တို့ကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို အနာဂတ်မျိုးဆက်သစ်လူငယ်များအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ (ကျား+မ)ခွဲခြားဆက်ဆံခြင်းများနှင့် အမျိုးသမီး ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းဖြင့် ယင်းအကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် အကြမ်းဖက်မှုများ ပပျောက်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပခုက္ကူခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ပခုက္ကူမြို့၊ ဖြူနီညိုပြာ လူမှုရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)