မြိတ် ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၁ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထိုက်သည့် ဆရာကြီး/ဆရာမကြီးများအား မြန်မာ့ဓလေ့ထုံးတမ်း အစဉ် အလာနှင့်အညီ ဂါရဝပြု မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက အထက(၁) ပညာဗိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
“မွန်မြတ်လှတဲ့ ဆရာကြီး ဆရာမကြီးတွေရဲ့ ဂုဏ်ကျေးဇူးတွေကို မျိုးဆက်သစ် လူငယ်ဆရာ ဆရာမတွေ ကြည်နူးဝမ်းမြောက် ဂုဏ်ပြုဂုဏ်ယူတတ်စေဖို့၊ ကြည်ညိုလေးစားအပ်တဲ့ဆရာ့ဘဝ ဆရာ့သိက္ခာ၊ ဆရာ အပေါင်းတို့ရဲ့ ဂုဏ်ထူးဝိသေသလက္ခဏာတွေကို ဆရာ/မအပေါင်းတို့က အတုယူ လေးစားအားကျစေဖို့၊ ဆရာ/မ အပေါင်းတို့ဟာ ဆရာ့ဘဝ ဆရာ့လုပ်ငန်းတာဝန်တွေကို လေးစားတန်ဖိုးထားစေဖို့နဲ့ ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရေးကို ဆောင်ရွက်တတ်စေဖို့၊ ဆရာ/မတွေဟာ အနန္တဂိုဏ်းဝင်တွေ ဖြစ်တာနဲ့အညီ စေတနာ ဝါသနာ အနစ်နာ အရင်းခံပြီး မျိုးဆက်သစ်လူငယ်များအတွက် စံပြုအတုယူတတ်လာစေဖို့ ရည်ရွယ်ချက်နဲ့ မြတ်ဆရာပူဇော်ပွဲကို ကျင်းပတာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ပညာရေးမှူး ဦးဉာဏ်ထွန်းက ပြောသည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အခြေခံပညာကျောင်းများရှိ ဆရာမများက မြတ်ဆရာ သီချင်းဂုဏ်ပြုသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကြိုဆိုပူဇော်ဂုဏ်ပြုစကားပြောကြား၍ အပူဇော်ခံ ဆရာကြီး/ဆရာမကြီးများအား မြိတ်ခရိုင် ပညာရေးမိသားစုက ကန့်တော့ချိုးဖြင့် ဂါရဝပြု ပူဇော်ကန့်တော့ကြသည်။
ထို့နောက် အပူဇော်ခံ ဆရာကြီး/ဆရာမကြီးများအား ကန့်တော့လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများက လက်ရောက်ပေးအပ် ဂုဏ်ပြုကြရာ ဆရာကြီး/ဆရာမကြီးများက ဩဝါဒစကား ပြန်လည်ပြောကြားကြပြီး မြိတ်ခရိုင် ပညာရေးမှူး ဦးဉာဏ်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးအား ဂုဏ်ပြုအမှတ် တရလက်ဆောင်ပေးအပ်သည်။ ဆက်လက်၍ မြတ်ဆရာ ပူဇော်ပွဲကို ဆရာမများက မြတ်ပညာ သီချင်းဂုဏ်ပြုသီဆို၍ အခမ်းအနားရုပ်သိမ်းလိုက်ကြသည်။
ထို့အတူ ဂုဏ်ပြုအပူဇော်ခံဆရာကြီး/ဆရာမကြီးများထဲမှ ကွယ်လွန်ခဲ့ပြီးဖြစ်သော ဆရာကြီး/ ဆရာမကြီးများအား ရည်စူး၍ သံဃာတော်များ ပင့်ဖိတ်၍ ကုသိုလ်ကောင်းမှုပြုကြပြီး ရေစက် သွန်းချအမျှတန်းပေးဝေခြင်းကို မနက်ပိုင်းတွင် ကျင်းပခဲ့ကြသည်။ ဂါရဝပြုမြတ်ဆရာပူဇော်ပွဲတွင် ဆရာကြီး ဆရာမကြီး(၂၁)ဦးအား ဂုဏ်ပြုပူဇော် ခဲ့ကြပြီး ပူဇော်ပွဲမတက်ရောက်နိုင်သည့် အဝေးရောက် ဆရာကြီး ဆရာမကြီးများအား ကန့်တော့လက်ဆောင် ပေးပို့ပူဇော်ကြမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး