အောင်လံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီပြိုင်ပွဲကျင်းပ

အောင်လံ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်တင်က ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား  ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)