အမာ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာ ခြင်းကို အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်၌ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးကျေးရွာများအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိသည့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် မဖြစ်သေးသော်လည်း ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကာကွယ်ရေးနည်းလမ်းများနှင့် အညီနေထိုင်ကြရန်နှင့် ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်မှုအပြည့်အဝရရှိစေရန်၊ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်ရေပြည့်ဝစွာ ထိုးနှံပေးကြပါရန် အသိပညာပေးနှိုးဆော် ခြင်းကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အမာ(ပြန်/ဆက်)