ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲ များကျင်းပ

ဖျာပုံ   ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များ နှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်းသား၊ ကျောင်းသူများအား လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မီတာ(၁၀၀)၊ (၂၀၀)အပြေးပြိုင် ပွဲ၊မုန့်စားပြိုင်ပွဲ၊ အခြားဂိမ်းကစားခြင်းပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျောင်းအလိုက် တာဝန်ခံ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှစုပေါင်း၍ ပျော်ရွှင်စွာကျင်းပကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)