ညောင်လေးပင် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီ၀င်းက ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုကြီးတည်တံ့စေဖို့ လွတ်လပ်ရေးကို ပြည်သူများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဓာတ်ပုံများကို ပြသထားခြင်း၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်၊ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် လူငယ် လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲတွင် မြန်မာ့လွတ်လပ်ရေး ရက်စဉ်သမိုင်း၊ မြန်မာ့သမိုင်းဝင်သူရဲကောင်းများ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုများနှင့် ထိန်းသိမ်းမှုသမိုင်း၊ သမိုင်းကို လေ့လာမည့် စစ်သမိုင်းပြတိုက်ဆီသို့၊ လွတ်လပ်ရေး ပုံရိပ်များ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များကို ခင်းကျင်း ပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ ပြခန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)