ကော့ကရိတ်မြို့၌ ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသူများအနေဖြင့် အဆင်ပြေ

ကော့ကရိတ်  ဒီဇင်ဘာ  ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၂)ရပ်ကွက်ရှိ တောင်သူတစ်ဦးထံမှ သိရသည်။

ယမန်နှစ်ကဆို ဒန့်ဒလွန်သီးတွေပေါလို့ ဒန့်ဒလွန်သီး တစ်ထောင့်ကို ငွေကျပ် (၂၀)ဘဲရတယ်။ ယခုနှစ်မှတော့ ဒန့်ဒလွန်သီး တစ်ထောင့်ကို ငွေကျပ် (၁၀၀)အထိ ရနေတယ်။ကျွန်မတို့အနေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ရောင်းချတဲ့အခါမှာ ဒန့်ဒလွန်သီးခြောက်ထောင့်ကို ငွေကျပ် (၅၀၀)နဲ့ ရောင်းချပေးပါတယ်။ မြို့မဈေးမှာတော့ ဒန့်ဒလွန်သီးတစ်ထောင့်ကို ငွေကျပ် (၃၀၀)နဲ့ ရောင်းချလျက်ရှိပါတယ်။ဒန့်ဒလွန်ပင် ငါးပင်လောက်ရှိတာနဲ့ တစ်ရက်ကို ငွေကျပ် (၇၀၀၀)မှ (၁၀၀၀၀)အထိ ရရှိပါတယ်။ ဒန့်ဒလွန်ပင်ကတော့ တစ်နှစ်မှာ နှစ်ကြိမ်လောက် အသီးသီးပြီး မြေဩဇာလည်း ထည့်ပေးစရာမလိုပါဘူး။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း အလုပ်အကိုင်တွေရှားနေတဲ့အချိန်မှာ ယခုလိုဈေး ကောင်းရရှိတဲ့အတွက် အလုပ်ဖြစ်ပြီး အဆင်ပြေပါတယ်ဟု အမှတ် (၂)ရပ်ကွက်နေ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒန့်ဒလွန်သီးများကို ချဉ်ဟင်းချက်ရာတွင်လည်းကောင်း၊ ငါးခြောက်နှင့်ရော၍လည်း ချက်ပြုတ်ကြကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)