ကျိုက်လတ် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဇေယျာမင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းမှ မီးငြိမ်းသတ်မှုအား လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ပြီး၊ မီးသတ်မော်တော်ယာဉ် ၁ စီး၊ စည်ပင်အဖွဲ့ပိုင်ဈေး မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်း မီးသတ်ရေစက် အပေါ့စားမီးသတ်စက်တို့၏ စက်ကြံ့ခိုင်မှုနှင့် ရေထွက်တို့ကို လက်တွေ့သရုပ်ပြ ငြိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင် ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင် ဦးစိန်မြင့်၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။
ဌေးဌေးလှိုင်
မြို့နယ် (ပြန်/ဆက်)