နတ်မောက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က တွင်းကြီးကျေးရွာ ဗောဓိဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေသဖွံ့ဖြိုးရေးအတွက် အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေ အုပ်ချပ်ရေး ဦးစီးဌာန ဒု- မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဝင်းက အိမ်ထောင်စုတိုင်း အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာနှင့် မီးဘေးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွံ့ဝင် ဗိုလ်မှူးနေဇော်ဟိန်းက ဒေသငြိမ်းချမ်းရေးနှင့် ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး အကြောင်းအရာများကို ရှင်းလင်းခြင်းဖြင့် လည်းကောင်း၊ မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနမှ ဦးစီးအရာရှိက ကျေးလက် လမ်းတံတားများ ဆောင်ရွက်နေသည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ် ပြုလုပ်ရာတွင် လိုအပ်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ ဝန်ထမ်းများက တွင်းကြီးကျေးရွာဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ပြောင်းရွှေ့ နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တွင်းကြီးကျေးရွာရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူနှင့် အသက်(၁၀)နှစ်ပြည့်ပြီးသူ စုစုပေါင်း(၁၅၅)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း