အထက်မင်းလှ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အမှတ်(၃)ရပ်ကွက် နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်သည် နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြား လာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွာ သွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်းMask ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ ခပ်ခွါခွါ နေထိုင်ကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကို သတ်မှတ်ဆေးထိုးစုရပ်များတွင် သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)