ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ကျိုက်လတ်   ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ် များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်လပ်ရေးနေ့သမိုင်းကြောင်းနှင့် မမေ့အပ်သည့် လွတ်လပ်ရေးနေ့အကြောင်း ဟောပြောခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများအား ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်‌‌ပေးရာ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားသည့် လွတ်လပ်ရေးနေ့ ကဗျာဖြင့် အခြေခံပညာမူလတန်းကျောင်းက ကျောင်းသား၊ ကျောင်းသူလေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်

မြို့နယ်(ပြန် /ဆက်)