ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ဖြူးမြို့နယ်၌ ပြုလုပ်

ဖြူး -  ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာကာ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်‌ကြောင်း၊ သို့သော်လည်း ကြောက်စရာမဟုတ်ပဲ မိဘပြည်သူများ အနေနှင့်လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန် ပဲခူးလမ်းနှင့် ရပ်ကွက်များအတွင်း တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရ သည်။

ဖြူးမြို့နယ်တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ မရှိသောကြောင့် စုစုပေါင်း အတည်ပြုလူနာ (၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦး ဆေးရုံလက်ကျန်မရှိတော့ပဲ ဆေးရုံမှဆင်းသူ ဦးရေ(၁၂၆၃)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)