ပိုင်ကျုံမြို့ အ.မ.က မြန်မာစုကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ

ပိုင်ကျုံ  ဒီဇင်ဘာ  ၂၉     

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.မ.ကမြန်မာစုကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတတ်စေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်ခြင်း စသည့် အကျိုးကျေးဇူးရရှိစေရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို အလယ်တန်းအဆင့်၊ မူလတန်းအဆင့် အလွတ်တန်းအပြေးပြိုင်ပွဲမီတာ (၁၀၀/၂၀၀)၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြေးပြိုင်ပွဲများကို ကျင်းပရာ ကျောင်း သား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)