ဖြူး ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်း သွားသော်လည်း ရောဂါကွင်းဆက်ပြတ်တောက်စေရေးနှင့် မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီး နိုင်စေရေးအတွက် ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က စတင်ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက နှာခေါင်းစည်း (Mask) မတပ်ဆင် သူများအား စစ်ဆေး၍ အသိပညာပေးပြီး အခုဝယ် အခုတပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များက တစ်ပတ်လျှင် (၅)ရက် အဖွဲ့(၅)ဖွဲ့ခွဲကာ တစ်ရက်လျှင် တစ်ဖွဲ့စီ အလှည့်ကျ မြို့ပေါ် လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အသိပညာပေး၍ အခုဝယ် အခုတပ်ဆင်စေခြင်းစနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ (Mask) များ အခမဲ့ ဖြန့်ဝေစေခြင်း၊ ပဲခူးလမ်းဘေး တစ်လျှောက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား လာရောက် စားသုံးသူများကို စနစ်တကျ လက်ဆေးစေရန်၊ ဆိုင်အတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်၊ တစ်ယောက် ချင်းစီစားနိုင်ပြီး တစ်ဦးနှင့် တစ်ဦးကြား အကာဖြင့် ကန့်ထားပေးရန်၊ စားပွဲတစ်ဝိုင်းနှင့် တစ်ဝိုင်း(၆)ပေ အကွာထားရှိပေးရန် စသည့် အချက်များကို စီစဉ်ဆောင်ရွက် ရောင်းချမှု ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူမရှိ သောကြောင့် စုစုပေါင်း အတည်ပြုလူနာ (၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦး ဆေးရုံလက်ကျန် မရှိတော့ပဲ ဆေးရုံမှ ဆင်းသူဦးရေ (၁၂၆၃)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နေမျိုးလွင်