တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ကော့သောင်း ဒီဇင်ဘာ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကယကံရှင်များထံပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နိုင်ငံတော်က ပန်းခင်းစီမံချက်ဖြင့် ပြည်သူများဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ် မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရရှိကိုင်ဆောင်ရရှိစေဖို့ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယခုဆောင်ရွက်ပေးလျက်ရှိသည့် စီမံချက်သည်ယခင်ကာလများက ဆောင်ရွက်ခဲ့သည့်စီမံချက်များနှင့် မတူပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏နေ့စဉ်ဘဝအတွင်းလူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အခြားကဏ္ဍပေါင်းစုံမှာ ရပိုင်ခွင့် များမဆုံးရှုံးစေရန်ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ဆိုသည်မှာ မိမိဘဝအတွက် အခိုင်လုံဆုံးနှင့်အပြည့်စုံဆုံး အထောက်အထား တစ်ခုဖြစ်ပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းဆိုတာလည်း မိသားစုတစ်ခုအတွက်အရးပါတဲ့ ကဏ္ဍမှာပါဝင်ပါကြောင်း ယခုကဲ့သို့နိုင်ငံတော်က စီမံချက်ချဆောင်ရွက်ပေးတဲ့အချိန်မှာ ပြုလုပ်ကြစေလို ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့်ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာ၊ ရွှေဖြူရာဘာထုတ်လုပ်ရေးစက်ရုံ၌ ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေ စာရင်း ၁၂၀ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၃၆၁ ကတ်ကို ကာယကံရှင် ပြည်သူများထံသို့ အသီးသီးလက်ဝယ်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် စက်ရုံတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးအားကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)