မင်းလှ ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အား လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင်ကျောင်းတွင် (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့်ဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများတို့ဖြင့် ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကား လက်ကမ်း စာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ ဝန်ကြီး ချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း များစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ပေါက်စ မင်းလှ