မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းဆောင်ရွက်

 

မင်းဘူး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် အိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကိုယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ တောင်လှည်းကောက်လမ်းဆုံ၊ မြောက်လှည်းကောက်အဝိုင်းပတ်နှင့် ကန်ရေ စစ်ဆေးရေးဂိတ်တို့တွင် သုံးနေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောက်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင် သွားလာခြင်း မရှိသူများကို Mask တစ်ခုလျှင် ငွေကျပ်၅၀၀နှုန်းဖြင့် ဒဏ်ရိုက် ဝယ်ယူသည့်စနစ်ဖြင့် ပညာပေးဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့် သတ်မှတ် အထောက် အထားလက်မှတ် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ဒုတိယအကြိမ် လာရောက်ထိုးနှံနိုင်ရေး ပညာပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များအတိုင်း ဆိုင်ကယ်များ စီးနင်းသွားလာရေးတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ် ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်ဆေးရေး အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး နောက်ရက်များတွင်လည်း အသိပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)