ဟားခါး သြဂုတ် ၂၄
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်ရုံးများနှင့် ဟားခါးမြို့ အများပြည်သူသွားလာသည့် လမ်းမကြီးများ ဘေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းကြေညာမှုများအား ပထမအကြိမ် ဆောင်ရွက် ပေးခဲ့ပြီးနောက် မဲစာရင်းများပြည့်စုံ မှန်ကန်မှု ရှိစေရေး ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်း စိစစ်ခြင်းများအား ဆက်လက်ဆောင်ရွက်သွားနိုင်ရေး တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထလာကီးယိုလျန်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကြေညာမှုများအား အဖွဲ့ဝင် အားလုံးပူးပေါင်း ဆောက်ရွက်သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များ အားလုံး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြရန်များ ရှင်းလင်း ပြောကြားပြီးနောက် ဟားခါးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထောင်ဇဆန်းက ဟားခါး မြို့နယ်အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ရှင်းလင်း တင်ပြခဲ့ရာ တက်ရောက် လာကြသည့် အဖွဲ့ဝင်များက ရှင်းလင်းချက်များအပေါ် အကြံပြုဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။
ဟားခါးမြို့နယ် အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ယနေ့အထိ ကျား ၁၈၇၄၆ ဦး မ ၂၀၉၅၀ ဦး စုစုပေါင်း ၃၉၆၉၆ ဦး ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး Door to Door စနစ်ဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲစာရင်းစိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များ ပူးပေါင်း၍ သြဂုတ်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ (၃)ရက်ကြာ ကွင်းဆင်းစိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)