ကံမ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျောက်မဲကျေးရွာနှင့် ပျဉ်ထောင်ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ ရပ်မိရပ်ဖများ ရာအိမ်မှူး ဆယ်အိမ်မှူးများ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ်ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ဋ္ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)