မင်းဘူး ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် စီမံအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ လျှပ်စစ်၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးဆောင်ရွက်ရာတွင် နိဗ္ဗာန်ကျွန်းကျေးရွာအုပ်စုနှင့် မန်းကျိုးကျေးရွာအုပ်စုတို့မှ မြေနုကျွန်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ ကျေးရွာသားများ၏ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် မြေနေရာ လုပ်ပိုင်ခွင့်များခွဲဝေ၍ ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ ထုံးမကျီး၊ မန်းကျိုး၊ ပေါက်လေးပင်စသော ကျေးရွာများမှ ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသူ ရွာသားများနှင့် တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ စာသင်ကျောင်းများ ဖွင့်လှစ်မှုအခြေအနေ၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံမှု အခြေအနေများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)