မြန်အောင် ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့က မြန်အောင်မြို့ ဇေယျသာရီဘုရားကွင်းတွင် မြန်အောင်မြို့ ပညာရေးနယ်မြေ(၁) ကျောင်းများမှ မီတာ ၅၀ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲ များကိုကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့ အကြောင်းသိရှိစေရန်၊ အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ယှဉ်ပြိုင်ကစားခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့်၊ မူလတန်းအဆင့် ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင် ပွဲ၊ မီတာ ၅၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲနှင့် ပူဖောင်းဖောက်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)