ငပုတောမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော     ဒီဇင်ဘာ    ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်မြို့ပေါ် ရပ်ကွက်(၄)ခုအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် အခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကိုယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပတ်သက်၍ အလံတင်အခမ်း အနားနှင့်သဝဏ်လွှာဖတ်ကြားခြင်းကို ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျကျင်းပ သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများက စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးကော်မတီဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နုနုအေး (ပြန်/ဆက်)