တနင်္သာရီ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီ  ဒီဇင်ဘာလ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ယနေ့ နံနက် ၁၀နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများနှင့် ပြိုင်ပွဲကျင်းပရေး၊ ရန်ပုံငွေရှာဖွေရေးကော်မတီဝင်များက၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြလုပ်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအား ကစားပြိုင်ပွဲများကို ကိုယ်ခန္ဒာကျန်းမာကြံ့ခိုင်စေရန်၊ ရင်းနှီးခင်မင်မှုပိုမိုရရှိစေရန်နှင့်အစုအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့ထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်ကာ မြို့မအားကစားကွင်းတွင် ပျော်ရွှင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲအလိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြိုင်ပွဲကျင်းပရေးဆပ် ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လမ်းညွှန်အမှာစကားပြောကြားသည်။

အဆိုပါ ပြိုင်ပွဲများကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်မှ(၄)ရက်နေ့အထိ (အလွတ်တန်း)အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကိုလည်းကောင်း၊ ကျောင်းသား/သူများအား ပြေးခုန်ပစ်ပြိုင်ပွဲများအဖြစ် မီတာ(၁၀၀)မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အလျားခုန်၊သုံးဆင့်ခုန်၊အမြင့်ခုန်ပြိုင်ပွဲ၊သံလုံး ပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲနှင့်  လွန်ဆွဲပြိုင်ပွဲ(ကျား/မ) အသင်းနှင့် ထုပ်ဆီးထိုးပြိုင်ပွဲများကိုလည်းကောင်း ပျော်ရွှင်စွာ ကျင်းပပြုလုပ်ပေးမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲများမှဆုရရှိသူများအား ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးကော်မတီတို့က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ခြင်း အခမ်းအနားအပြီးတွင် ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

ထိန်ဝင်း(ပြန်/ဆက်)