ရွှေဘိုမြို့မဟာနန္ဒာကန်တော်အပိုင်း(၁)အတွင်းငါးမျိုးများစိုက်ထည့်

ရွှေဘို ဒီဇင်ဘာ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မဟာနန္ဒာကန်တော် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကိုဒီဇင်ဘာလ ၂၈ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်က မဟာနန္ဒါ ကန်တော်အပိုင်း(၁)ရှင်းလင်းဆောင် ရှေ့တွင်ကျင်းပခဲ့ရာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ ရွှေဘိုတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်၊ ရွှေဘိုခရိုင်ငါးမျိုး စိုက်ထည့်မှု ကြီးကြပ်ရေးကော်မတီ  ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာန  ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးနှင့် ဝန်ထမ်းများ၊ ရွှေဘိုငါး လုပ်ငန်းစခန်း စခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်နှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး ရွှေဘိုငါး လုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက်မအရွယ် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၃၀၀၀၀၊ နှစ်လက်မအရွယ် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၂၀ဝဝဝ၊ နှစ်လက်မအရွယ် မြက်စား ငါးကြင်း သားပေါက်ကောင်ရေ ၅၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀ အားငါး မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မဟာနန္ဒာကန်တော်အပိုင်း(၁)သည် ရွှေဘိုမြို့နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေ သည့် ကန်တော်ဖြစ်ပြီး ယခုအခါ ကန်တော်အတွင်း ရေညှိရေမှော် ဒိုက်များ ထူထပ်စွာ ပေါက်ရောက်နေသည့်အတွက် သောက်သုံးရေသန့်ရှင်းမှု ရှိစေရေးဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေညှိရေမှော်များစားသုံးသည့် မြက်စား ငါးကြင်းနှင့် ငါးခုံးမကြီး ငါးမျိုးများ ထည့်ပေးခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်သန်းဦးထံမှ သိရသည်။ ရွှေဘိုငါးလုပ်ငန်း စခန်းအနေဖြင့်လည်း၂၀၂၁-၂၀၂၂မီနီဘဏ္ဍာနှစ်အတွက် စုစုပေါင်းငါးသားပေါက်ကောင်ရေ ၄၉၅ဝဝဝမျိုး စိုက်ထည့်ပေး နိုင်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စခန်းတာဝန်ခံ ဦးဇော်ဝင်းအောင်ထံမှ သိရသည်။

စိုးသီဟ(ရွှေဘို)