မြိုင် ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံကြရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးဌာနမှ ယနေ့ နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ရောဂါ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်မှုလျှော့ချနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ အပြင်သို့ ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ခန့် စနစ်တကျ ဆေးကြောရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးချို၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိပြီး ပြည်သူများ လာရောက်ထိုးနှံကြရန်တို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိ ပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရ(ပုံတောင်)