ဆိပ်ဖြူ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏစွမ်းရည်မြှင့်မား တိုးတက်စေရန်နှင့် လွတ်လပ်ရေးနေ့ အကြောင်းအရာများ သိရှိနားလည်၍ တန်ဖိုးထား ချစ်မြတ်နိုးလာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ လာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ မြို့နယ်လက်ထောက် ပညာရေးမှူး ဦးဆုအောင်နှင့် ပန်းချီဆရာ ဇော်ဇော်လင်း(ဆိပ်ဖြူ)တို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)