တမူး ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက်(၉)နာရီက ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင် နှင့် ဝန်ထမ်းများမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြို့မစည်ပင်သာယာစျေးရှိ စျေးရောင်း/ စျေးဝယ်သူများ၊ လူစည်ကားသည့် လမ်းများနှင့် စျေးဆိုင်များတို့တွင် အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် အတွက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိကစသည့် မိန့်ခွန်းများမှ ကောက်နုတ်ချက်များ၊ တို့များဆင်မြန်း လွတ်လပ်ပန်း၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် တို့အသက် ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အားနှင့် ကာကွယ်ပါ စသည့်ကဗျာများ၊ဆောင်ပုဒ်များ၊ကာတွန်းများဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တမူးခရိုင်ရုံးမှ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေသည့်အပြင် အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် ပြည်သူ့စာကြည့်တိုက်တွင်လည်းထားရှိ ထားကြောင်း သိရသည်။
ကျော်ကြီး