ဖြူးမြို့နယ်၌ ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဖြူး - ဒီဇင်ဘာ ( ၂၈)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ် ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်  ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေး ဌာနနှင့်ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာကာ အာဆီယံနိုင်ငံ တစ်ခုဆီသို့ ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက်ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်‌ကြောင်း၊ သို့သော်လည်း ကြောက်စရာမဟုတ်ပဲ မိဘပြည်သူများ အနေနှင့်လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်း စသည့်စည်းမျဉ်း၊ စည်းကမ်းများအား ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန် ပဲခူး လမ်းမဘေး မြို့အစွန်ကျေးရွာများတွင် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရ သည်။

ဖြူးမြို့နယ်တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူမရှိ သောကြောင့် စုစုပေါင်း အတည်ပြုလူနာ(၁၃၇၀)ဦး၊ သေဆုံးသူမှာ (၈၇)ဦး ဆေးရုံလက်ကျန် မရှိတော့ပဲ ဆေးရုံမှ ဆင်းသူဦးရေ(၁၂၆၃)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)