ပခုက္ကူမြို့နယ်တွင် အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ ရွေးချယ်ပွဲ ကျင်းပ

ပခုက္ကူ  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရေန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာ အားကောင်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြ ကျေးရွာ ရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ ရွေးချယ်ရာတွင် လိုအပ်မည့် အင်္ဂါရပ်များအကြောင်းနှင့် ရွေးချယ်ပွဲပြု လုပ်ရခြင်းအကြောင်း တို့ကို ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူက မြို့နယ်အတွင်းရှိ ကျေးရွာများ အခြေအနေနှင့် မြို့နယ်ဂုဏ်ဆောင် စံနမူနာပြ သတ်မှတ်သင့် ကျေးရွာကိုသာ ရွေးချယ်ပေးကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိများက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် စာကြည့်တိုက်၊ အားကစားကွင်းနှင့် ကျေးရွာဘုံမြေ၊ စာသင်ကျောင်း၊ ဘုရားကျောင်း ကန်များ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း၊ ဈေး(သို့)ဈေးမြေနေရာ၊ ရွာခြံစည်းရိုးနှင့် အိမ်ခြံစည်းရိုး၊ အစိုးရမဟုတ်သော လူမှုအသင်းအဖွဲ့များနှင့် သုဿာန် ရှိ/မရှိ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် ကျေးလက်စိုက်ပျိုးရေး၊ လျှပ်စစ်မီးလင်းရေး၊ လုံခြုံရေးအဖွဲ့နှင့် ရေကင်း/မီးကင်း၊ အရိပ်ရအပင်နှင့်ထင်းစိုက်ခင်း၊ ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေအနေများအပေါ် မူတည်ကာ အကဲဖြတ်အမှတ်ပေးကြပြီး ရေလာလေး ကျေးရွာ (ပထမဦးစားပေး)နှင့် အနောက်နံဂါတ်ကျေးရွာ (ဒုတိယဦးစားပေး)တို့အဖြစ် အသီးသီး ရွေးချယ်သတ်မှတ်ကြသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခေတ်မီစံပြကျေးရွာ (Smart Village)ထူထောင်ရေးစီမံချက်လုပ်ငန်းကို ၂၀၂၁-၂၀၂၂ခု၊(၆လ) ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းကာလ (၂နှစ်၆လ)အတွင်း ပြည်သူဗဟိုပြုစနစ်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များကို ဖော်ထုတ်ကာ ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ သွင်းအားစုများနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ကူညီခြင်း၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)