စစ်ကိုင်းမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးကွင်းဆင်း စစ်ဆေး လက်တွေ့သရုပ်ပြသပေး

 

စစ်ကိုင်း ဒီဇင်ဘာ ၂၈

စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ စစ်ကိုင်းမြို့မဈေးကြီးအတွင်းနှင့် ပတ်ဝန်းကျင် နေရာများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မီးသတ်ရေငုတ်တိုင်များ ကောင်းမွန်မှုရှိရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်တွေ့မီးငြိမ်သတ်ခြင်း လက်တွေ့ ပြသခြင်းကို ယမန်နေ့ ညနေ နာရီက အဆိုပါဈေးကြီး အတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဈေးကြီးအတွင်းရှိ သွယ်တန်းထားသည့် မီးသတ်ရေငုတ်တိုင်များ ကောင်းမွန်ရေး၊ ဆိုင်ခန်းများတွင် အရေးပေါ် မီးသတ်ဆေး ဗူးများထားရှိရေး၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက မီးသတ်ကားများ အလွယ်တကူ သွားလာဝင် ရောက်နိုင်ရေးတို့အတွက် ဆိုင်ခန်းများခင်းကျင်းမှု၊ အမိုးအကာများ ဆောက်လုပ်မှု၊ လျှပ်စစ်သွယ်တန်းထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ဈေးအကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူများက ဈေးဖွင့်လှစ် ရောင်းချနေမှု၊ မီးသတ်ရေငုတ်တိုင်များ ထိန်းသိမ်းထားရှိမှု၊ လျှပ်စစ်သွယ်တန်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပေးရာ ခရိုင်မီးသတ်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အရေးပေါ်မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ကားသွားလာရေး လွတ်/မလွတ်နှင့် မီးငြိမ်းသတ်ခြင်းတို့ကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြပြီး စစ်ကိုင်းခရိုင်/ မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန် အသိပညာများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်းလည်း ခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

ဇော်မြင့်နိုင်