ဝေါမြို့နယ် ပုကိုင်တာရေသွင်းတံခါးတည်ဆောက်ရာတွင် စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်/ယာမြေများအတွက် တောင်သူများအား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေးပေးအပ်

ဝေါ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရာ၌ စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေ (၅၂ ဒသမ ၅၇)ဧကအတွက် တောင်သူ ၉ ဦးအား သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ပဲခူးခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသော လယ်ယာမြေများအတွက် သီးနှံနစ်နာကြေးနှင့် လယ်ယာမြေလျော်ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုကိုင်တာရေသွင်းတံခါး တည်ဆောက်ခြင်း လုပ်ငန်းတွင် ပါဝင်သွားသည့် ( ၅၂ ဒသမ ၅၇ ဧက) အတွက်  မြစ်ကျိုးကျေးရွာမှ တောင်သူ (၇)  ဦးနှင့် လေးအိမ်စုကျေးရွာမှ တောင်သူ (၂) ဦး စုစုပေါင်းတောင်သူ (၉)ဦးအား သီးနှံနစ်နာကြေးနှင့် လယ်ယာ မြေနစ်နာကြေးငွေ (၁၅၅၇၁၂၃၀၀)ကျပ်ကို ပဲခူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက တောင်သူများထံ ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ညွှန်ကြားရေးမှူးရုံး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။

စိုးမိုး