(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကား​ပြောနှင့် အားကစားပြိုင်ပွဲများကျင်းပ

ကော့ကရိတ်   ဒီဇင်ဘာ ၂၈

(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၄)ဦးတို့မှ လွတ်လပ်ရေးအောင်ပွဲနေ့ ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အားကစားပြိုင်ပွဲများဖြစ်သည့် မီတာ(၅၀) အပြေးပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွတ်ပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား/သူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုသိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)