ပခုက္ကူမြို့ပေါ် ရပ်ကွက်များ အတွင်းရှိကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား အခမဲ့ ကွင်းဆင်းထိုးနှံပေး


 

ပခုက္ကူ  ဒီဇင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်များအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများအား အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဘဏ် ခံဘက်စုံ သုံးအဆောက်အဦး (Shelter)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စတင်ပြီး အခမဲ့ ကွင်းဆင်းထိုးနှံ ပေးကြကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပခုက္ကူမြို့ပေါ်ရှိ အမှတ်(၃၊၁၁၊၁၃၊၁၄၊၁၅) ရပ်ကွက်များမှ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သီဟိုဠ်ရှင် စေတနာ(အခမဲ့)အရေးပေါ် လူနာတင်ယာဉ် ကူညီမှုအဖွဲ့ဝင်များနှင့် ဒေသခံ စေတနာ့ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီနေရာချထားခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါစပ်းနှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ မှတ်ပုံတင်စာရင်းများ မှန်ကန်စွာ ဖြည့်သွင်းပေးခြင်း၊ စနစ်တကျ နေရာယူစေခြင်း လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပဉ္စမသုတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးရာ အမျိုးသား(၂၄၄)ဦး၊ အမျိုးသမီး(၃၁၈)ဦး၊ စုစုပေါင်း(၅၆၂)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း၊ ယခင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးခဲ့သည့် ပြည်သူ(၃၂၀)ဦး တို့ကိုလည်း ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)