သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေ‌ပေးဝေနိုင်သည့် အကျိုးပြုဧရိယာအားလုံး ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင် သွားမည်

ဘားအံ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာ၊ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေပေးဝေနိုင်သည့် အကျိုးပြုဧရိယာအားလုံးကို ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရာနှုန်းပြည့် စိုက်ပျိုးလုပ်ကိုင်သွား မည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက အဆိုပါ မြစ်ရေတင်ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများတွေ့ဆုံပွဲမှ သိရသည်။

သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် အကျိုးပြုဧရိယာဧက (၈၀၀) ရှိပြီး မိုးရာသီတွင် ရေဖုံးလွှမ်း၍ တောင်သူ များ စိုက်ပျိုး လုပ်ကိုင်၍ မရဘဲ ရေကျနောက်စိုက်နှင့် နွေစပါးကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် ဧက (၆၀၀) ခန့်ကို နွေစပါးနှင့် ဧက (၂၀၀) ခန့်ကို နှမ်း၊ ပဲအမျိုးမျိုးအစရှိသည့် အခြားသီးနှံများ စိုက်ပျိုး လုပ်ကိုင် သွားမည်ဖြစ်ရာ မျိုးစပါးနှင့် ဓါတ်မြေဩ ဇာများ ဖြန့်ဝေပေးထားပြီး စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစရှိသည့် ဌာနဆိုင်ရာများက တောင်သူများ၏ လိုအပ်ချက် အခက်အခဲများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မြစ်ရေတင်လုပ်ငန်းရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တောင်သူများတွေ့ဆုံရာတွင် ဘားအံခရိုင် အုပ်ချုပ်ရေးမှူးက အကျိုးပြုဧရိယာ ရာနှုန်းပြည့်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ထားမှု အခြေအနေများ၊ စက်မှုလယ်ယာနှင့် တောင်သူများ ပူးပေါင်း၍ မြေယာပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာ ဌာနအလိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သံလှယ်ကျေးရွာ၊ ကော့ပန်ကုန်းကျေးရွာတို့မှ တောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးလုပ်ကိုင်ရန် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးရာ တောင်သူများ က ရေသွင်း၊ ရေထုတ်မြောင်းများနှင့် ကုန်ထုတ်လမ်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန၏ သံလှယ်မြစ်ရေတင်ဧရိယာအတွင်း RS-CS မျိုးစေ့ ထုတ်စိုက်ခင်း (၅) ဧက၌ သံလှယ်မြစ်ရေတင်ဧရိယာအတွင်း နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံရာ စိုက်ပျိုးရေး နိုင်ငံဖြစ်သည့်အတွက် သားစဉ်မြေး ဆက်လက်ဆင့်ကမ်း ထိန်းသိမ်း၍ စိုက်ပျိုးလုပ်ကိုင်သွားကြဖို့လိုကြောင်း၊ လူဦးရေတိုးပွားလာသော်လည်း စိုက်ဧကများ တိုးပွားလာခြင်း မရှိသည့်အတွက် လယ်ယာမြေများကို အနားမပေးဘဲ သီးထပ်သီးညှပ်များဖြင့် အထွက်နှုန်းတိုးတက်ကောင်းမွန်လာအောင် စိုက်ပျိုး လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး တောင်သူများတင်ပြသည့် လိုအပ်ချက်၊ အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် သံလှယ်မြစ်ရေတင်ဧရိယာအတွင်း ရေသွင်းရေနုတ်မြောင်းအဖြစ် အသုံးပြု လျက်ရှိသော မရမ်းချောင်းကောနေမှုအား အလျား ၆၀၀၀ ပေ၊ အနက် ၉ ပေ၊  အကျယ် ၃၀ ပေ ပြန်လည် တူးဖော်နေမှုနှင့် အမှတ်(၉) လက်တံမြောင်းထိပ်၌ ဒေသခံတောင်သူများနှင့် ဘားအံမြို့နယ်မျိုးစေ့ထုတ် အသင်းတို့မှ နွေစပါးစိုက်ပျိုးရန် မြေယာပြင်ဆင်နေမှုများကို ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဇာသပြင်ကျေးရွာ ဂျိုင်းမြစ်အတွင်း ငါးမျိုး စိုက်ထည့်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့ ကြပြီး ငါးမြစ်ချင်းကောင် ၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)၊ ငါးခုံးမကြီးကောင်ရေ ၃၀၀၀၀ (သုံးသောင်း) စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း)ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူကုန်းကျေးရွာ တောင်သူဦးဝင်းနိုင်၏ ရေကျနောက်စိုက် (၂၅) ဧကတွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)မှ Round Baller ကောက်ရိုး ထုတ်စက်နှင့် Rotary Mulcher ရိုးဖြတ် ဖြတ်စက် သရုပ်ပြမှုအား ကြည့်ရှု့အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၁၂)ရပ်တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး  ပြည်နယ်အစိုးရအဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဆိုင်ရာများအား အကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တွဲဘက်အတွင်းရေးမှူး ပြည်နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးက ဒေသတွင်းဖြစ်ပေါ်တတ်သည့် ဘေးအန္တရယ်ဆိုင်ရာများနှင့် ပြန်လည် တုံ့ပြန်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံ ငွေထိန်း သိမ်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ လုံခြုံရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ပြန်လည် ထူထောင် ရေးနှင့် ပြန်လည်တည် ဆောက်ရေး၊ ကျန်းမာရေးစောင်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် နီပွန်ဖောင်ဒေးရှင်းမှ ပြည်နယ်အစိုးရအဖွဲ့သို့ မကြာမီလွှဲပြောင်းတော့မည့် ဘားအံစက်မှုဇုန်အနီးရှိ ပရဆေးဥယျာဉ်သို့ သွားရောက် ကြည့်ရှုပြီး  ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ဝန်ထမ်းအင်လိုအပ်ချက်၊ ရေ-မီးလိုအပ်ချက်၊ စက်သုံးဆီလိုအပ် ချက် စသည်တို့အား  ကြိုတင်ပြင်ဆင်ထားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဝဥအခြောက် ခံစက်၊ စတိုခန်း၊ ဓါတ်ခွဲခန်း၊ ပါကင်ထုတ်ပိုးခန်းတို့အား ကြည့်ရှစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်ရှိ ပြည်သူ့ဓနကုမ္ပဏီလီမိတက် ပွင့်သစ်တိုး ဂျစ်(ပ်) ဆမ်သဘာ ဝကျောက်မှုန့်မြေဩဇာ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ပြီး စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံးမှူးနှင့် တာဝန်ရှိသူများက ဂျစ်(ပ်)ဆမ် သဘာဝကျောက်မှုန့်မြေဩဇာ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)